ရန်ကုန်၊ ဇူလိုင် ၅
သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ကုသသော လူနာ များအား သွေးစစ်ဆေးမှု စတင်ပြုလုပ်ပေးနိုင်ပြီဟု ယင်းဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”အရင်ကဆိုရင် ကျွန်မတို့ဆေးခန်းမှာ လာပြတဲ့လူနာတွေကို ဆေးကုသမှုပဲ ပေးနိုင်တယ်။ သွေးစစ်ဆေးဖို့လိုပြီဆိုရင် အခြားဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက် စစ်ဆေးခိုင်းရတယ်။ အခုတော့ လူနာတွေအတွက် ပိုအဆင်ပြေသွားတာပေါ့”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
ယင်းသွေးစစ်သည့်စက်(CP Au To)အား သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဓာတ်ခွဲခန်းတွင်ထားရှိကာ ၄င်းစက်သည် ဂျပန်နိုင်ငံထုတ်ပစ္စည်းဖြစ်ပြီး တန်ဖိုး အားဖြင့် ကန်ဒေါ်လာတစ်သောင်းခန့်ရှိကြောင်း သိရသည်။
”ဆေးခန်းမှာ လာပြတဲ့လူနာတွေကိုတော့ အဓိက ဦးစားပေးအနေနဲ့ အခမဲ့စစ်ပေးမှာဖြစ်တယ်။ ပြင်ပကလာစစ်တဲ့လူတွေကိုလည်း လက်ခံပြီး စစ်ဆေးပေးမှာပါ။ ဒါပေမဲ့ ပြင်ပကလူတွေကိုတော့ အခမဲ့မဟုတ်ပါဘူး။ ကန့်သတ်ချက်တစ်ခုထားပြီး စစ်ဆေးပေးသွားမှာပါ”ဟု ၄င်းက ထပ်မံပြောသည်။ သုခကုသိုလ်ဖြစ် ဆေးခန်း တွင် ပြင်ပမှ သွေးစစ်ဆေးလိုပါက ဖုန်း-၅၈၃၅၁၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ချစ်ဆုဆွေ