မေတ္တာသင်္ဂဟအဖွဲ့ရဲ့ ဇူလိုင်လ အလှူကိုတော့ ဒေါ်ဖြူဖြူသင်း တို့ရဲ့ တောင်ဒဂုံ HIV,AIDS Preventation &Care Centre အတွက် ငွေကျပ်သိန်း၎ဝ၊ သင်္ဃန်းကျွန်း 'ဓမ္မ ဝိဟာရ'ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးမှ ကလေး ၃ဝဝကျော် အတွက် ကျောင်းသုံး ပစ္စည်းများနဲ့ ကိုရင်များအတွက် သင်္ကန်းများအပြင် ငွေကျပ် ၁ဝသိန်း တို့ကိုဇူလိုင်၁ဝရက်နေ့ကလှူဒါန်းခဲ့ပါတယ်။ အနုပညာရှင်များပါဝင်တဲ့ မေတ္တာသင်္ဂဟ အဖွဲ့မှာ ပါဝင်တဲ့ခန့်စည်သူက လှူဒါန်းမှု နဲ့ပတ်သက်ပြီး..''တစ်လတစ်ခါ လှူနေကျဆိုတော့ မခိုင်ကြီး တို့က တောင်ဒဂုံက HIV,AIDS နေရာကို လှူဖို့သင့်တယ်လို့ တိုက်တွန်းတာ နဲ့ တိုက်ဆိုင်ပြီး လှူဖြစ်သွားတာပါ။ ဘုန်းကြီးကျောင်းက တော့ ကလေးတွေ ကို ကျောင်းထားပေးတာ ဒီနှစ်ဆိုရင် လူသုံးရာကျော်သွားပြီ။ တတ်နိုင်ရင်တော့ မူလတန်းလွန် ကျောင်းလုပ်ချင်တာ။ ခွင့်ပြုချက် မကျသေးတော့ သူငယ်တန်း ကနေ လေးတန်းအထိပေါ့။ မနှစ်က စာမေးပွဲဖြေထားတာ ဆုရတဲ့သူတွေကို ကြိုးစားချင်တဲ့စိတ် ဖြစ်အောင် ဆုပေးပွဲလုပ်ပေးတာပါ။ ကိုယ်တတ်နိုင်တဲ့ တစ်ပိုင် တစ်နိုင်လေး လုပ်ပေးတာပါ။ အခုဆို စိတ်ပါဝင်စားလာကြတဲ့ သူငယ်ချင်းတွေ များလာတော့ အခုလို အလှူဖြစ်မြောက်လာတာက အားလုံး ရဲ့ကျေးဇူးကြောင့်ပါ။ ဒီထက် ပိုပြီး အဆ တိုးလှူနိုင်အောင် နဲ့ ပရိသတ်ကျေးဇူးတွေ ကို ဆပ်တာပါ'' လို့ ဆိုပါတယ်။ 'ဓမ္မဝိဟာရ' ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းမှာ သူငယ်တန်းမှ လေးတန်း အထိ ဆုရတဲ့ကလေးများကို မေတ္တာသင်္ဂဟ အဖွဲ့က ဆုများပေးအပ်ခဲ့ကြပါတယ်။ ကလေးများရဲ့ ဆုတောင်းမေတ္တာပို့ချိန်မှာလည်း ကလေးငယ်များနဲ့ အတူလိုက်ပါ ရွတ်ဆိုမေတ္တာပို့နေတဲ့ ထွန်းအိန္ဒြာဗိုရဲ့ ပီတိခံစားချက် ကိုလည်း.. ''မေတ္တာသင်္ဂဟရဲ့ လစဉ်လှူနေကျ ပုံမှန်အလှူပါပဲ။ ဒီလမှာ မဖြူဖြူသင်းတို့ ဦးဆောင်တဲ့ HIV,AIDS Preventation &Care Centre မှာ သိန်း၎ဝလှူတယ်။ ကိုခန့်ရဲ့ဒီဘုန်းကြီးကျောင်းမှာ စာသင်သား ၃ဝဝ ကျော် အတွက် စာအုပ်၊ကျောင်းဝတ်စုံ၊ ထီး နဲ့ငွေကျပ်၁ဝသိန်း လှူတာပါ။ ကလေးတွေကို ကြည့်တော့ ဘာသာခြားတွေလည်း ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာရဲ့မေတ္တာပို့ စာသားလေးတွေ သူတို့ရွတ်နေတာတွေ့ရတော့ ဝမ်းမြောက်မိ တယ်။ ကိုခန့်အတွက်လည်း သာဓုခေါ်တယ်။ သာသနာပြုရာလည်း ရောက်ပါတယ်။ ဒီလိုအေးချမ်းမှုတွေ ရှိတဲ့အတွက် ဒီလိုပရဟိတ လုပ်ငန်းကို ဝမ်းမြောက် ဝမ်းသာ လုပ်နေကြတာပါ။ ဒီလို အလှူလိုပဲ လစဉ်အလှူများအပြင် နောက်ထပ်တခြားသော ပရဟိတ လုပ်ငန်းများစွာလည်း လုပ်ခွင့်ရပါစေလို့ ဆုတောင်းချင်ပါတယ်'' လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်၊
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)Ref:Popular Myanmar News