Headlines News :
Home » » မြန်မာနဲ့ နော်ဝေ ဒိန်းမတ် သံအဆက်အသွယ် တိုးမြှင့်

မြန်မာနဲ့ နော်ဝေ ဒိန်းမတ် သံအဆက်အသွယ် တိုးမြှင့်

Written By လွင့်မောင်မောင် on Monday, November 5, 2012 | 8:24 AM

ဒိန်းမတ် နောက်ဝေ ပူးတွဲ သံတမန် ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနား မှာ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jens Stoltenberg စကားပြောဆိုနေစဉ်။ (နိုဝင်ဘာလ ၄ ရက်၊ ၂၀၁၂)။

မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ပိုပြီးတော့ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ဒိန်းမတ်နဲ့ နော်ဝေ နိုင်ငံ တို့က နှစ်နိုင်ငံ ပူးတွဲ သံတမန် ဆက်ဆံရေးရုံးတခုကို တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ဒိန်းမတ်နဲ့ နော်ဝေ နိုင်ငံတွေက ၀န်ကြီးချုပ်တွေ မြန်မာနိုင်ငံ မှာ ရောက်ရှိနေချိန်မှာ ခုလို ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒိန်းမတ်
ဝန်ကြီးချုပ်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တနင်္ဂနွေနေ့ အစောပိုင်း မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို ဒိန်းမတ်နဲ့ နော်ဝေ ၀န်ကြီးချုပ်တွေက ချီးကျူး ပြောဆိုခဲ့ကြသလို မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး လုပ်ငန်းတွေ တိုးတက် ကောင်းမွန်စေဖို့အတွက်လည်း နှစ်နိုင်ငံ ပူးတွဲပြီး ရုံးတရုံးကို ဒိန်းမတ်နဲ့ နော်ဝေ ၀န်ကြီးချုပ်တွေ ကိုယ်တိုင် မနေ့တုန်းက ရန်ကုန်မြို့မှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားဖို့ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံလုံးက စိတ်အား ထက်သန်နေကြတဲ့ အကြောင်း ဖွင့်ပွဲ အခမ်းအနားမှာ ဒိန်းမတ် ၀န်ကြီးချုပ် Helle Thorning-Schmidt က ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားဖို့ ကျမတို့ စိတ်အား ထက်သန်နေပါတယ်။ ကျမတို့ နိုင်ငံတွေက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ၀န်ကြီးတွေလည်း စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တွေကိုပါ ခေါ်လာပြီ ဒီကို မကြာခင် လာကြပါလိမ့်မယ်။ ကျမတို့ ဒိန်းမတ် ရော၊ နော်ဝေ နိုင်ငံ နှစ် နိုင်ငံစလုံးဟာ အပြန်အလှန် လေးစားမှု၊ တာဝန်ယူမှုတွေ နဲ့ ရေရှည်တည်တံ့တဲ့ နည်းတွေနဲ့ ရင်းနှီးမြှုပ်နှံချင်ကြတဲ့ အကောင်းဆုံး ကုမ္ပဏီတွေ ရှိတဲ့ နိုင်ငံတွေပါ။”

ဒိန်းမတ်နဲ့ နော်ဝေ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဆက်လက် အားပေး ကူညီသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ အစုအဖွဲ့အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြန်မာနိုင်ငံမှာ အောင်အောင်မြင်မြင် ဖြစ်လာဖို့မှာတော့ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်က အဓိက ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ နော်ဝေ ၀န်ကြီးချုပ် Jens Stoltenberg ကလည်း ဒီအခမ်းအနားမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ မြန်မာပြည်သူတွေ ကိုင်တိုင် တာဝန်ယူ ဆောင်ရွက်ရမယ့် ကိစ္စတခုပါ။ ကျနော်တို့ ဒိန်းမတ် တို့ နော်ဝေ နိုင်ငံတို့ဘက်က လုပ်ပေးနိုင်တာက ဒီလုပ်ငန်းစဉ် ဖြစ်မြောက်အောင်မြင်အောင် အားပေးတာ၊ ကူညီဆောင်ရွက်ပေး တာပါပဲ။ နိုင်ငံရေး လုပ်ငန်းစဉ်တွေအတွက် အဖြေရှာတာကတော့ ဒီ မြန်မာနိုင်ငံတွင်း က မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဖြေရှင်း ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်ပါတယ်။”

မနေ့က သံရုံးဖွင့်ပွဲ မတိုင်ခင် မနက်ပိုင်းမှာတော့ ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorning-Schmidt ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ပိုပြီး ရှိလာဖို့အတွက် ရှေ့ဆက် လုပ်ဆောင်စရာတွေ အများကြီး ရှိနေသေးတယ်လို့ ဒိန်းမတ် ၀န်ကြီးချုပ်က ပြောသွားပါတယ်။

“လုပ်ဆောင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေ စဖို့အတွက် အခြေခံတွေကတော့ ရှိနေပါပြီ။ ဒီအလုပ်တွေ အောင်မြင်ဖို့ ကျမတို့ အတူတကွ လက်တွဲ ဆောင်ရွက်သွားကြရမှာပါ။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လိုရာပန်းတိုင်ကို အပြည့် မရောက်သေးပေမဲ့လို့ ဖြစ်ချင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် အခွင့်အလမ်းတွေ ပိုပြီး ရှိလာနေပြီလို့ ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ ကျမတို့ အမြဲပဲ မျှော်လင့်ခဲ့ပါတယ်။ ဒါကြောင့်လဲ ကျမတို့ လှုပ်ရှား ဆောင်ရွက်ခဲ့ကြတာပါ။ တခုခုကို ဖြစ်လာလိမ့်မယ်လို့ မယုံကြည်ဘဲနဲ့တော့ ဒီအရာကို ဘယ်သူမှ လုပ်မှာမဟုတ်ပါဘူး။ လူတိုင်း ဒီလို မဟုတ်ဘူး ဆိုရင်တောင် အနည်းဆုံး ကျမ ဆိုရင်တော့ လုပ်မှာမဟုတ်ဘူး။ ကျမကတော့ လက်တွေ့ကျကျ ဖြစ်နိုင်တာကိုပဲ စဉ်းစားပြီး လုပ်တတ်လို့ပဲ။ မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွေ တနေ့ ရှိလာမယ် ဆိုတာကို အရင်ကတည်းက ကျမ အမြဲ ယုံကြည်ခဲ့တယ်။ ခုဆိုရင် ကျမတို့ လိုချင်တဲ့ အပြောင်းအလဲမျိုးအတွက် ကြိုးစားဖို့ အခွင့်အလမ်းတွေ ပိုပြီး ရှိလာနေပါပြီ။ ဒီလိုပြောတာက လိုချင်တဲ့ အပြောင်းအလဲတွေ ရှိနေပြီလို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ အပြောင်းအလဲတွေ ဖြစ်လာအောင် ကြိုးစားရမယ့် အခွင့်အလမ်းတွေ ပေါ်လာပြီလို့ပဲ ပြောချင်တာပါ။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနဲ့ အနောက်နိုင်ငံ အတော်များများ အကြား သံတမန် ဆက်ဆံရေးတွေ ပြန်စလာခဲ့တာမှာ ခုလို ဥရောပနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်နဲ့ နော်ဝေ နိုင်ငံတွေလည်း ရှေ့တန်းက ပါဝင်နေတာ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံဟာ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အစောဆုံး ပြန်ရုပ်သိမ်းပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံ ဆိုရင်လည်း မြန်မာနိုင်ငံကို ဒီနှစ်အတွင်း ဒေါ်လာ ၁၈ သန်း ထောက်ပံ့ပေးခဲ့ သလို ရှေ့လာမယ့် နှစ်တွေမှာလည်း ဒေါ်လာ ၂၃ သန်းအထိ အကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ ပြောဆိုထားတာပါ။

နော်ဝေ ၀န်ကြီးချုပ် Jens Stoltenberg ဟာ နိုဝင်ဘာလ ၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့သလို နှစ်နိုင်ငံ ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တိုးမြှင့် ဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဒိန်းမတ်နဲ့ နော်ဝေ ၀န်ကြီးချုပ် တို့ဟာ မြန်မာနိုင်ငံတွင်း ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေး စင်တာကိုလည်း သွားရောက်ခဲ့ကြသလို ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေနဲ့ လည်း တွေ့ဆုံခဲ့ပါသေးတယ်ရှင်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template