
ရန်ကုန်မြို့မှ ရမည်းသင်းမြို့အထိ ရန်ကုန် - မန္တလေး အဝေးပြေးကားလမ်းမကြီးအတိုင်း ခြေလျင်ခရီးလျောက်၍ ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများအဖွဲ့ ပဲခူးမြို့သို့ ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ ည (၁၂း၀၀) နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့သည်။

အဆိုပါအလုပ်သမားအဖွဲ့မှာ ရန်ကုန်မြို့မှ နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပဲခူးမြို့နယ် အင်းတကော်ကျေးရွာ၌ ခေတ္တနား ခိုခဲ့သည်။ အင်းတကော် ကျေးရွာမှ ဆက်လက်ထွက်ခွာလာခဲ့ရာ ပဲခူးမြို့သို့ ည (၁၂း၀၀) နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့သည်။ ရွှေလုပ်သားအဖွဲ့မှာ ပဲခူးမြို့၊ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၆)၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ သီရိမင်္ဂလာတပ်ဦးဝင်္ဂဘာဘုရားကျောင်းတွင် ညအိပ်တည်းခိုခဲ့သည်။
ထို့နောက် နိုဝင်ဘာလ (၁၀) ရက်နေ့ ညနေ (၂း၀၀) နာရီအချိန်တွင် ပဲခူးမြို့မှ ရန်ကုန်မန္တလေး အဝေးပြေး ကားလမ်းမကြီးအတိုင်း ပြန်လည်ထွက်ခွာသွားကြပြီး ပဲခူးမြို့မြောက်ဘက် ဆယ်မိုင်ခန့်အကွာ ဘုရားကြီး စံပြကျေးရွာတွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အလုပ်သမားအဖွဲ့မှာ အင်အား (၈၀) ကျော်ပါဝင်ပြီး ရာသီဥတုပူပြင်းမှုကြောင့် (၁) နေ့လျင် (၁၀) မိုင်နှုန်းဖြင့်သာ ခရီးဆက်တော့မည်ဖြစ်ကြောင်း သိရသည်။





Eleven Media Group