Headlines News :
Home » »  မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ခုနှစ်၊ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄)အား ပယ်ဖျက်သင့်ကြောင်း အဆိုအား ဆွေးနွေးသည့် ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့၍ အမျိုးသားလွှတ်တော်၌ မှတ်တမ်းအဖြစ်ထားရှိ

 မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ခုနှစ်၊ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄)အား ပယ်ဖျက်သင့်ကြောင်း အဆိုအား ဆွေးနွေးသည့် ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့၍ အမျိုးသားလွှတ်တော်၌ မှတ်တမ်းအဖြစ်ထားရှိ

Written By လွင့်မောင်မောင် on Tuesday, November 6, 2012 | 10:27 PM

857
မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်၊ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၄) အား ပယ်ဖျက်သင့်ကြောင်း အဆိုအား ဆွေးနွေးသည့် ကိုယ်စားလှယ်အားလုံး နီးပါးက ကန့်ကွက်ခဲ့သည့်အတွက် အမျိုးသားလွှတ်တော်၌ မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
ယင်းအဆိုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက” ၁၉၈၂ခုနှစ်မြန်မာ နိုင်ငံသား ဥပဒေဟာ ၆ နှစ်ကျော်လောက်အချိန်ယူပြီးတော့ ယခင်ဥပဒေတွေရဲ့အားနည်းချက်တွေ၊ ပကတိဖြစ်ရပ် အခြေအနေပေါ် မူတည်ပြီး တော့ နိုင်ငံတစ်ဝှမ်း ကွင်းဆင်းကာ လူထုလူတန်းစား အားလုံးကို ချပြကာ ပြန်လည်စိစစ်ဆန္ဒရယူကာ ရေးဆွဲ အတည်ပြုခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေမှာ အခန်း ၁၀ခန်း၊ ပုဒ်မ ၇၆ခု ပါဝင်ပြီး နိုင်ငံသား၊ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရရှိသူဆိုပြီး ခွဲခြားထားပါတယ်” ဟုပြောကြားခဲ့သည်။
ဆက်လက်၍ “ဥပဒေအရ ၁၉၈၂ ခုနှစ်မတိုင်မီ နိုင်ငံသားဖြစ်လာသူများသည် မွေးရာပါနိုင်ငံသား မဟုတ်သော်လည်း ဥပဒေအရနိုင်ငံသား ဖြစ်လာသူများဖြစ်ပြီး၊ ထိုသူများသည် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၁၈ ပါ ပြဌာန်းချက်နဲ့ငြိစွန်းပါက ယင်းပုဒ်မအရ အရေးယူခံရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသား၊ တိုင်းရင်းသားတွေ နဲ့ ရုပ်ရည်သွင်ပြင်မတူတဲ့ သွေးနှောထားတဲ့သူတွေ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားတယ်ဆိုရင် ဥပဒေအရ ဖြစ်လာတဲ့ နိုင်ငံသားတွေဖြစ်နိုင်ပါတယ်” ဟုပြောကြားခဲ့သည်။
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားနှင့်နိုင်ငံခြား မိဘနှစ်ပါးမှ မွေးလာသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘများက မွေးဖွားလာသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးလာသူများ၊ နိုင်ငံသား ပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးလာသူများ၊ နိုင်ငံသားပြုခွင့်ရသူ နှင့်
 နိုင်ငံခြားသားမိဘနှစ်ပါးမှ
 မွေးလာသူများသည် နိုင်ငံသားပြုခွင့်ရသူများ အဖြစ် လျှောက်ထားကြောင်းသိရ သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ ဦးကျော်ကျော်က "၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ တစ်ခုလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် တရားမ၀င်ခိုးဝင်လာသူ လူမျိုးခြားတို့ရဲ့လွှမ်းမိုးမှု အန္တရာယ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတစ်ရပ်ဖြစ်တယ် ဆိုတာတွေ့ နိုင်ပါတယ်။ ၁၉၈၂ခုနှစ် မြန်မာ နိုင်ငံသားဥပဒေဟာ ရခိုင်ပြည်နယ်အတွက် သာမက အခြားပြည်နယ်က တိုင်းရင်းသားတွေအတွက်လည်း လိုအပ်မှာ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံသားဥပဒေကို အသစ်ရေးဆွဲမယ် ဆိုရင် ပြင်ပနိုင်ငံတွေရဲ့ ဖိအားတွေ အမျိုးမျိုးဝင်လာနိုင်ပါတယ်။ အဲဒီလိုဖိအားတွေကြောင့် ဥပဒေအသစ်ဟာ အားပျော့ခဲ့ရင် ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေ နစ်နာကြမှာပါ။ ရခိုင်တိုင်းရင်းသား ရယ်လို့ရပ်တည်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ သျှစ်သောင်းဘုရား၊ ကိုးသောင်းဘုရားတွေလည်း အင်ဒိုနီးရှားက ဗောရောဗောဒေါ ပုထိုးတော်ကြီးလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေကို ခေတ်နဲ့မကိုက်ညီတဲ့ ပြဌာန်းချက် အနည်းကို ပြင်ဆင်ဖြည့်စွက်ရုံနဲ့ လုံလောက်ပါတယ်။ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပယ်ဖျက်သင့်ကြောင်း အဆိုအား လုံးဝကန့်ကွက်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။
“ မြန်မာနိုင်ငံသားဥပဒေကို ရေးဆွဲရာမှာ ဦးဆောင်ခဲ့တဲ့ ၁၈ ဦးထဲမှာ နယ်စပ်မှာ တာဝန်ထမ်းဆောင်ပြီး ကားအစီးလိုက် တရားမ၀င် ခိုးသွင်းတာတွေကို ကြုံတွေ့ခဲ့ရသူတွေ ပါဝင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ အချိန်ယူပြီး ပြည့်စုံအောင်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြင်ဆင်ရေးဆွဲဖို့ မလိုအပ်ပါဘူး။ မြန်မာနိုင်ငံသားဥပဒေဟာ အရေးကြီးပြီး လိုအပ်ပါတယ်။ မြန်မာနိုင်ငံသား ဘယ်နှစ်ယောက်က အခြားနိုင်ငံသားဖြစ်လိုပါသလဲ။ ဘယ်သူမှဖြစ်ချင်မှာ မဟုတ်ပါဘူး။ နယ်စပ်က နိုင်ငံခြားတွေကတော့ မြန်မာနိုင်ငံသားဖြစ်ခွင့်ရရင် ဖြစ်ချင်ကြမှာပါ။ ဒီဥပဒေပြင်ဆင်ဖို့အဆိုကို ကန့်ကွက်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆွေးနွေးပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးခင်မောင်(ခ) ဦးအောင်ကျော်ဦးက”နိုင်ငံသားဥပဒေ ဆိုတာ အရေးကြီးပါတယ်။ ပညာရှင်တွေက ပကတိအခြေအနေ တွေနဲ့ကိုက်ညီအောင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံနဲ့ထိစပ်နေလို့ ဒီဥပဒေက အရေးကြီးပါတယ်။ ပြင်မယ်ဆိုလည်း ဘာတွေကို ပြင်မှာလည်း၊ လက်ရှိဥပဒေကိုခေတ်နဲ့ လျော်ညီအောင် ဖြည့်စွက်သုံးလို့ရတာပဲ။ တိုင်းပြည်တိုးတက်ပြီး ငြိမ်းချမ်းနေမှ ပြုပြင်သင့်ပါတယ်” ဟုအကြံပြု ဆွေးနွေးခဲ့သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးအုန်းတင်နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှ ဒေါက်တာဗညားအောင်မိုး၊ ‘၀’ ဒီမိုကရက်တစ်ပါတီမှ ဦးဆိုင်ပေါင်းနပ် တို့ကလည်း “လက်ရှိ ကျင့်သုံး နေတဲ့ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့မလိုအပ်ပါဘူး။ ပယ်ဖျက်ဖို့ လည်းမလိုအပ်ပါဘူး။ ကောင်းမွန်ပြည့်စုံတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီအဆိုကို ကန့်ကွက်ပါတယ်” ဟု ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဦးမန်းကံညွန့်က “ ဒီအဆိုကို ကန့်လည်းမကန့်ကွက်ဘူး၊ ထောက်လည်း မထောက်ခံဘူး။ ဥပဒေပညာရှင်တွေရဲ့ အကြံပြုချက်တွေကို လစ်လျူမရှုသင့်ဘူး။ ဥပဒေအသစ်ရေးဆွဲမယ်၊ ဖျက်သိမ်းမယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူဖို့ လိုပါတယ်”ဟု ဆွေးနွေးခဲ့သည်။
 “ဒီအချိန်က ပြင်ဆင်ရေးဆွဲရမယ့် အချိန်မဟုတ်ပါဘူး။ ဥပဒေက ပြည့်စုံကောင်းမွန်ပါတယ်။ ဥပဒေက နှစ် ၃၀ လောက်ရှိနေတဲ့အတွက် ခေတ်နဲ့မညီတဲ့ စကားရပ်တွေပြင် ဆင်ပြီး သုံးစွဲမယ်ဆိုရင် အဆင် ပြေပါတယ်”ဟု ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးမောင်အေးထွန်းက ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံသားဥပဒေကို အသစ် ရေးဆွဲပြဌာန်းပြီး လက်ရှိမြန်မာနိုင်ငံသား ဥပဒေ(၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၄)အား ပယ်ဖျက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template