အဆိုနှင့်ပတ်သက်၍ ဦးသိန်းညွန့် ဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
တရားရုံးနှင့် ခုံရုံးများက စီရင်ဆုံးဖြတ်ပိုင်ခွင့် အာဏာကို
ကျော်လွန်ကာ ဆုံးဖြတ်ချက်များ ချမှတ်ထားပါက နိုင်ငံသားအားလုံး ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာ တင်သွင်းခွင့်ရှိကြောင်း ကန်ပက်လက်
မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက သြဂုတ်လ ၃၁
ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်
စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သူရဦးအောင်ကိုက ''၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈ (ဂ)နှင့်
ပုဒ်မ ၂၉၆ တို့အရ စာချွန်တော် ထုတ်ဆင့်ခွင့်အာဏာကို ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သို့ အပ်နှင်းထားပါတယ်။ ၎င်းသည် တရားစီရင်ရေးနှင့်ပတ်သက်ပြီး
ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံသားတိုင်းကို ပေးထားတဲ့
ကြီးမားတဲ့အခွင့်အရေး ဖြစ်ပါတယ်။ စာချွန်တော် အမိန့်ငါးမျိုးရှိပါတယ်။
ရှေ့တော် သွင်းစာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေစာ
ချွန်တော်အမိန့်၊ အာဏာပိုင် မေးစာချွန်တော်အမိန့်၊
အမှုခေါ်စာချွန်လွှာအမိန့်တို့ ဖြစ်ပါတယ်။ နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် ပုဒ်မ ၄၀၂ တို့တွင်ပါရှိတဲ့
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနဲ့ ပြည် ထောင်စု
ရွေးကောက်ပွဲကော်မရှင်တို့ရဲ့ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်သည်ဟု
ပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်၍ ထိုအဖွဲ့အစည်းများရဲ့ ဆုံးဖြတ်ချက်အများအပေါ်
စာချွန်တော် အမိန့် လျှောက်ထားခွင့်ပြုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ရာရောက်မည်ဟု တရားလွှတ်တော်ချုပ်က ဖော်ပြထားရာ
စာချွန်တော်အမိန့်၏ အထက်တွင် ထိုအဖွဲ့အစည်းများ တည်ရှိနေသည်ဟု
ယူဆနိုင်ဖွယ်ရှိပါတယ်။ အမှုခေါ်စာချွန်တော် အမိန့်သည် အမြင့်ဆုံး
တရားရုံးကလက် အောက်ခံ တရားရုံးများနှင့် ခုံရုံးတို့အပေါ်၌
ကြီးကြပ်ကွပ်ကဲမှုအာဏာကို သုံးစွဲလျက်ချမှတ်သောအမိန့် ဖြစ်ပါတယ်။ လက်အောက်ခံ
တရားရုံးနှင့် ခုံရုံးများက မိမိတို့ စီရင်ဆုံးဖြတ်
ဆောင်ရွက်ပိုင်ခွင့်အာဏာကို ကျော်လွန်ပြီး ချမှတ်ထားသည့်အမိန့်များ ကို
ဒီစာချွန်တော်အမိန့်အရ ပယ်ဖျက်နိုင်ပါတယ်။ သို့ဖြစ်၍ လက်အောက်ခံတရားရုံး
သို့မဟုတ် တရားစီရင်မှု ဆောင်ရွက်ခြင်းသဘောပါဝင်သည့် ခုံရုံး၏ အမှုတွဲကို
ခေါ်ယူ၍ အာဏာကျော်လွန်ဆုံးဖြတ်မှု ရှိ၊ မရှိ စိစစ်သုံးသပ်ပြီးနောက် အာဏာကျော်
လွန်ဆုံးဖြတ်ထားသည်ဟု ယူဆလျှင် ယင်းအမိန့်ကို စာချွန်တော် အမိန့်အရ
ပယ်ဖျက်နိုင်ပါတယ်။ ထို့ပြင် လက်အောက်ခံတရားရုံး(သို့မဟုတ်) တရားစီရင်မှု
ဆောင်ရွက်ခြင်း သဘောပါဝင်သည့် ခုံရုံးက တရားမျှတမှုကို ချိုးဖောက်၍
ဆုံးဖြတ်လျှင်သော်လည်းကောင်း၊ တရားမ၀င် ပြုမူဆောင်ရွက်
ဆုံးဖြတ်လျှင်သော်လည်းကောင်း ယင်းဆုံးဖြတ်ချက်များကို စာချွန်တော်ဖြင့်
ပယ်ဖျက်နိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့နောက် ပုလဲမဲဆန္ဒနယ်မှ
ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးရာတွင် ''ကြားသိရတဲ့ အနေအထားနှင့်ဆိုလျှင်လည်း
စာချွန်တော်လျှောက်ထားမှုပေါင်း ၁၃၃ စောင်ရှိတယ်လို့ သိရပြီးတော့
ခုနစ်စောင်ကိုသာ လက်ခံခွင့်ပြုခဲ့ကြောင်းနှင့် အဲဒီ ခုနစ်စောင်
ခွင့်ပြုခဲ့တဲ့ အမှုတွေကလည်း တရာမမှုတွေသာဖြစ်ပြီးတော့ ပြစ်မှုနှင့်
ပတ်သက်လို့ လျောက်ထားမှုဟာ ငါးခုလောက်သာ အမှုဖွင့်ပေးပြီး
အားလုံးနီးပါးဟာလည်း ပလပ်ခံခဲ့ရကြောင်းလည်း ကြားသိနေရပါတယ်''ဟု
ထည့်သွင်းပြောကြားခဲ့သည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးသိန်းညွန့်က ''အလျဉ်းသင့်လို့ အချက်တစ်ချက် တင်ပြချင်ပါတယ်။
ဒါကလည်း ဘာလည်းဆိုတော့ ကြိုတင်ပြီးတော့ ပညာရှိပုဂ္ဂိုလ်များကို
ကြိုတင်ပြချင်တဲ့ အချက်ပါ။ ဒါက ဒီနေ့ Eleven ဂျာနယ်မှာ ဖတ်ရပါတယ်။
လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖောက်သည့် ဆောင်ရွက်ချက်များ
ပြုလုပ်သည်ဆိုကာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားရတယ်ဆိုတဲ့
သတင်းပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတဲ့ တရားလွှတ်တော်ချုပ်ရဲ့
အာဏာသည် ဥပဒေပြုရေးအာဏာဖြစ်တဲ့ လွှတ်တော်တွေကို၊ အမိန့်တွေကို
စာချွန်တော်လွှာတွေနဲ့ တားမြစ်နိုင်တဲ့ အပိုဒ်တစ်ပိုဒ် မှမပါပါဘူး။ အဲတော့
အရင်ဆုံးပြော ရရင် ဒီစာချွန်တော်လွှာတွေဟာ နိုင်ငံသား၊ နိုင်ငံသားများရဲ့
မူလ အခွင့်အရေးတွေ အတွက် ပေးထားပါတယ်။ ၃၄၅ ကနေ ၃၇၆ အထိ အဲဒီအခွင့် အရေးတွေ
နစ်နာတယ်ဆိုရင်တောင် နိုင်ငံသားတွေဟာ စာချွန်တော်လွှာ
လျှောက်ပိုင်ခွင့်ရှိပါတယ်။ အာဏာသုံးရပ်မှာပါတဲ့ နိုင်ငံတော်ရဲ့
ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်ကို တရားစီရင်ရေးမှာပါတဲ့
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက တရားစီရင်ရေးမှာပဲပါတဲ့ ပြည်
ထောင်စု တရားလွှတ်တော်ချုပ်ရှိ စာချွန်တော် တက်ရောက်လာတယ်ဆိုတဲ့
အခြေအနေမျိုးဟာ၊ ဖြစ်ရပ်မျိုးဟာ ကျွန်တော်တို့ တိုင်းပြည်မှာ
ပညာရှင်များရဲ့၊ အထူးသဖြင့် ဥပဒေပညာရှင်များရဲ့ ရိုးသားမှုကို
စမ်းသပ်နေပြီလို့ ထင်မြင်ပါတယ်။ စီရင်ထုံး ကတော့ စိန်ရတနာ မိုးယက်ကန်းစက်
လီမီတက်နှင့် ကုန်သွယ်ရေးလုပ်ငန်းခွန်မင်းကြီးပါ (၃) ၁၉၆၉ခုနှစ်
တရားရုံးချုပ်စီရင်ထုံး စီရင်ထုံးရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းလင်းထင်ရှားသော
ဥပဒေစကားရပ်တို့ကို တရားရုံး များကသော်လည်းကောင်း၊ အ
ခြားအုပ်ချုပ်ရေးဆိုင်ရာ ဌာနများကသော်လည်းကောင်း အဓိပ္ပာယ်ဖွင့်ရန်၊
ဋီကာချဲ့ရန် မလိုပေ။ ယင်းသို့ပင်လျှင် အဓိပ္ပာယ်ဖွင့်သလိုလိုနှင့်
ဥပဒေချဲ့ထွင်ခြင်း၊ ချုံ့ခြင်း၊ ထွင်ခြင်း စသည်တို့ကို ပြုလုပ်မိတတ်ကြတယ်။
ချဲ့ရန်၊ ချုံ့ရန်၊ ထွင်ရန်လိုတယ်။ ဥပဒေပြုအဖွဲ့အစည်းကသာ လိုအပ်သလို
ပြုလုပ်နိုင်တယ်။ ဥပဒေစကားရပ်များက မထင်မရှား မသဲမကွဲ ဖြစ်နေမှာသာလျှင်
လက်ငင်းအားဖြင့် ဥပဒေပြုအဖွဲ့အစည်း၏ ရည်ရွယ်ချက် ဖြစ်မြောက်စေအောင်
ဥပဒေစကားနှင့် လက်တွေ့အခြေအနေ စပ် ဟပ်မိနိုင်အောင် လိုအပ်သလောက်သာ
အဓိပ္ပာယ်ဖွင့်ဆိုရမည်။ ယင်းသို့ အဓိပ္ပာယ်မဖွင့်လျှင် မဖြစ်သော
အခြေအနေမျိုးနှင့်တွေ့ကြုံရလျှင် အမြင့်ဆုံး တရားရုံးကလည်း အထူးသတိထား၍
စည်းကမ်းစောင့်ထိန်းကာ မိမိစီရင်ပိုင်ခွင့်ကို မလိုစေဘဲ ညီညွတ်သော
ထုံးပြုရမည်။ အဲဒီတော့ ဒီမှာ စီရင်ထုံးအရဆိုရင် တရားရုံးချုပ်ရဲ့
စီရင်ပိုင်ခွင့်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက တင်သွင်းလာတဲ့
စာချွန်တော်လွှာ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေး
စီရင်ပိုင်ခွင့် ပေးမထားပါဘူး။ အဲဒါကြောင့် အရင်တုန်းကလည်း ပြည်သူ့တွေရဲ့
အခွင့်အရေးကိုထိပါးတဲ့ အချက်မျိုးကို စာချွန်တော်လွှာအရ ဆောင်ရွက်ရမှာကို
မဆောင်ရွက်ခဲ့ဘူး။ အခုတစ်ကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက တင်လာတဲ့
စာချွန်တော်လွှာသည် တရားရုံးချုပ်ရဲ့ စီရင်ပိုင်ခွင့်မှာ မရှိဘူး။
အခြေခံဥပဒေ ကလည်း နိုင်ငံသားတွေကိုပဲ တင်နိုင်တယ်။ နိုင်ငံတော်ရဲ့
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှာပါတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ
ပါဝင်တဲ့ အမြင့်ဆုံး ဥပဒေပြုနိုင်တဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်မှု
ဥပဒေပြုခြင်းကို တားဆီးနိုင်တဲ့ စီရင်ပိုင်ခွင့်မရှိဘူးဆိုတာကိုတော့
ရှင်းရှင်းလင်းလင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကိုယ်စားလှယ်အားလုံးကို
ရှင်းလင်းတင်ပြလိုပါတယ်''ဟု ပြောကြားခဲ့သည်။
လွှတ်တော်၏
သဘောတူညီချက်ဖြင့် အဆိုကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ်ရေးကော်မရှင်၊ ဥပဒေကြမ်းကော်မတီနှင့် အခြားစိတ်ပါဝင်စားသူများက
ပြန်လည်စိစစ်သုံးသပ်ရန် ဆုံးဖြတ်ခဲ့သည်။