စက်တင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပုဂ္ဂလိက အာမခံကုမ္ပဏီများ ရွေးချယ်ခြင်းဆိုင်ရာ ရှင်းလင်းပွဲ
ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၁၂ ခုမှာ Apex Insurance International Co,ltd ၊ I.K. B.Z Insurance International Co,ltd၊ ဧရာမြန်မာအာမခံလုပ်ငန်း၊ မြ၀တီအာမခံကုမ္ပဏီလီမိတက်၊ Great Future International Insurance Co,ltd၊ Capital Life Ltd Insurance Application ၊ Global Standard Insurance Public Co,Ltd ၊ Green Asia Insurance Co,Ltd၊ ကျောက်စိမ်းဘုရင်နှင့် ဘုရင်မ၀န်ဆောင်မှုကုမ္ပဏီလီမိတက်၊ Pillar of Truth Insurance Co,Ltdိ၊ နိုင်ငံသားစီးပွားရေး အာမခံအများပိုင်လီမိတက်၊ မြင့်မိုရ်မင်းအာမခံကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် အာမခံအမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေအာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှု အာမခံနှင့် သမာဓိအာမခံတို့ဖြစ်ပြီး လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အသက်အာမခံလုပ်ငန်း လုပ်ကိုင်သူများသည် Paid-up Capital မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေအာမခံအတွက် မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်းနှင့် လုပ်ငန်းနှစ်ခုပေါင်းလုပ် ကိုင်လိုသူများသည် မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်းခြောက်ထောင်(၄၆ဘီလီယံ)ရှိရမည့်အပြင် ဖွင့်လှစ်မည့် ရုံးအဆောက်အအုံမြေနေရာတို့ကိုလည်း တင်ပြရပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်း ရှစ်ချက်ဖြင့်လည်း ကိုက်ညီသူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''အခုပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေထဲမှာ ကမ္ဘောဇ၊ မက်စ်မြန်မာ၊ အေးရှားဝေါလ်၊ Diamond Star၊ ရွှေတောင်အုပ်စု၊ ရေနံပိုက်လိုင်းကုမ္ပဏီ၊ ကားကုမ္ပဏီ အစရှိတဲ့ ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ ပါဝင်ပါတယ်။ ဒီအထဲကမှ Capital Life Ltd Insurance Application၊ နိုင်ငံသား စီးပွားရေးအာမခံအများပိုင်လီမိတက်နဲ့ မြင့်မိုရ်မင်းအာမခံကုမ္ပဏီတွေက အသက်အာမခံလုပ်ငန်းကိုပဲ သီးခြားလုပ်ကိုင်သွားမှာပါ။ ကျန်တဲ့ကုမ္ပဏီကိုးခုကတော့ အသက်အာမခံ နဲ့ အထွေထွေအာမခံတွဲပြီး လုပ်ကိုင်သွား မှာပါ။ လုပ်ငန်းလုပ်ကိုင်ခွင့်တွေကိုတော့ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ပြီးဆုံးပြီး အာမခံလုပ်ငန်းနဲ့ ပတ်သက်တဲ့ Training တွေပြီးဆုံးမယ့် ခြောက်လနဲ့တစ်နှစ်အတွင်းမှာ ဖွင့်လှစ်လုပ်ကိုင်ခွင့် ချပေးသွားမှာပါ''ဟု အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးမင်းသိန်းက ဆိုသည်။
လက်ရှိတွင် ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် အာမခံအမျိုးအစား ၄၁ မျိုးရှိသည့်အနက်မှ ခြောက်မျိုးကိုသာ လုပ်ကိုင်ခွင့်ချပေးသွားမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် လုပ်ငန်း၏ ခိုင်မာရပ်တည်နိုင်မှုပေါ် မူတည်ပြီး တိုးချဲ့ပေးသွားရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။