
မြန်မာစာဖြင့် အသုံးပြုနိုင်သည့် ပြည်တွင်းဖြစ် ဂျီအက်စ်အမ်နှင့် CDMA
လက်ကိုင်ဖုန်း (ဟမ်းဆက်) များကို ဈေးကွက်အတွင်း
ထုတ်လုပ်ဖြန့်ချိနေပြီဖြစ်ကြောင်း အဆိုပါဟမ်းဆက် ထုတ်လုပ်သည့်
စံမြန်မာကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းမြင့်က ပြောသည်။ အဆိုပါ
ပြည်တွင်းဖြစ် Standard တံဆိပ် ဟမ်းဆက်တွင် အသုံးပြုထားသည့် ဆော့ဖ်ဝဲသည်
မြန်မာပြည်၌ ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းအားဖြင့် ကျပ် ၂၃၀၀၀၊
၃၀၀၀ မှ ကျပ်နှစ်သောင်းခွဲ ဝန်းကျင်ရှိကြောင်း သိရသည်။ “ဒီဖုန်းကို
စံမြန်မာစနစ်ကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ
အီလက်ထရောနစ်ပစ္စည်းများပါ ဖော်ပြပေးနိုင်တဲ့အတွက် ပိုအဆင်ပြေပါတယ်။
ဖုန်းတစ်လုံးကို အစိတ်အပိုင်းတွေ တပ်ဆင်ရုံနဲ့ မြန်မာဖြစ်ပြောလို့ မရပါဘူး။
ဖုန်းတစ်လုံးရဲ့ အရေးကြီးဆုံးကဏ္ဍဟာ ဆော့ဖ်ဝဲစနစ်ပဲ ဖြစ်ပါတယ်။
ဒီဆော့ဖ်ဝဲစနစ်ကိုလဲ မြန်မာပြည်မှာပဲ ဖန်တီးတာ ဖြစ်ပါတယ်” ဟု
ဦးထွန်းမြင့်က ပြောသည်။ ယင်းဟန်းဆက်တွင် ကင်မရာ၊ MP4 အစရှိသည့်
ဖန်ရှင်များ၊ အမည်စာရင်းများ၊ ဖုန်းအဝင်အထွက် ဖန်ရှင်များကို မြန်မာစာဖြင့်
ဖော်ပြပေးထားကြောင်း သိရသည်။ “ဖုန်းကို လိုင်းဆွဲအား ကောင်းအောင်လဲ
ဦးစားပေး လုပ်ထားပါတယ်။ စနစ်တစ်ခုလုံး မြန်မာလို အသုံးပြုလို့ ရတာကြောင့်
ဖုန်းအကြောင်းကို အလွယ်တကူ နားလည်တတ်ကျွမ်းမှာပါ” ဟု ဦးထွန်းမြင့်က
ထပ်မံပြောသည်။ အဆိုပါ ဂျီအက်စ်အမ်ဖုန်း အမျိုးအစားကို သြဂုတ် ၁၅ ရက်တွင်
ဈေးကွက်အတွင်း ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းစနစ်နှင့်
ပတ်သက်၍ ဖုန်းနည်းပညာကျွမ်းကျင်သူ ကိုစည်သူက “ဒီလို တန်ဖိုးနည်း ဟမ်းဆက်တွေ
ပေါ်လာတာ ကောင်းပါတယ်။ မြန်မာဘာသာနဲ့ System တွေ အကုန်လုပ်လို့ ရတယ်ဆိုတော့
သုံးရတာ ပိုအဆင်ပြေမယ်။ အရည်အသွေးပြည့်ပြည့် သုံးနိုင်မယ်ဆိုရင်
အကောင်းဆုံးပေါ့” ဟု ပြောသည်။ Standard CDMA ဖုန်းအမျိုးအစားကို ၂၀၁၁
ခုနှစ် သုံးလပိုင်းတွင် စံမြန်မာကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိခဲ့ကြောင်း
သိရသည်။ ယင်းနှင့်ပတ်သက်၍ ဖုန်းသုံးစွဲသူတစ်ဦးက “ဖုန်းကတော့
ကျွန်တော်တို့အခေါ်ကတော့ ကတုံးပါ။ ဒါပေမဲ့ ဈေးကွက်ထဲက ကတုံးဖုန်းတွေထက်
မြင့်ပါတယ်။ ဖန်ရှင်နည်းနည်း ပိုစုံလာတယ်။ ဈေးနှုန်းအရကတော့ သက်သာတာပေါ့။
တော်တော် သက်သာပါတယ်။ ဒါပေမယ့် ခံနိုင်ရည်ကိုတော့ သေချာမသိသေးပါဘူး” ဟု
သုံးသပ်ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ်
ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။