
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်အမှတ် (၄)မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက်အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာအလုပ်သမားတွေက လုပ်ခလစာတိုးမြှင့်ပေး ဖို့အတွက် တောင်းဆိုတဲ့အခါ ကိုရီးယား အလုပ်ရှင်ဖက်က အလုပ်ဖြုတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်လေ့ရှိတယ်လို့ ဆန္ဒပြ အလုပ်သမားကိုယ်စားလှယ် တစ်ဦးက RFA ကို ပြောပါတယ်။ လှိုင်သာယာ၊ရွှေပြည်သာ စတဲ့စက်မှုဇုန်တွေမှာ စက်ရုံတစ်ရုံလုံး အတိုင်းအတာနဲ့ အလုပ်သမားတွေ ထောင်နဲ့ချီ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုတာဟာ အခုပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ရန်ကုန် လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ ကိုးရီးယားပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အခြေခံလစာတိုးမြှင့်ပေးရေး အပါအဝင် သူတို့ရဲ့ အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် အစိုးရဆီက ကြိုတင်ခွင့်ပြုချက်မတောင်းပဲ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြကြပါတယ်။