Headlines News :
Home » » ခေတ်သစ်သင်ပုန်းကြီး

ခေတ်သစ်သင်ပုန်းကြီး

Written By လွင့်မောင်မောင် on Friday, September 7, 2012 | 6:46 AM

>
အစိုးရအကြီးအကဲအချို့အကြား
ထွက်တော်မူနန်းကခွာခန်းများ ခောတ်စားလာကာ
ပြည်တွင်းပြည်ပအတိုက်အခံများအကြား
ပြည်တော်ဝင်ကြိုဆိုခန်းများ ထွန်းကားလာသည်။
အပြောကောင်းလျှင် ဆော့ဝဲလ်ခိုးကူးရောင်းသူပင်
ရွှေထီးဆောင်းလာနိုင်ကာ
အရေးကောင်းးလျှင် အဟောင်းဘုတ်အုတ်သမားလည်း
နေရာခြေကုပ်ပြောင်းလာနိုင်၏။
သို့သော် အဆဲကောင်းသူကား
ကြားပွဲစားမှသည် မောင်စံရှားရာထူးများ
ခုံလှုပ်သွားလောက်သည်ထိ ကျယ်လောင်လာမည့်
ကီးဘုတ်ရှင်များကြောင့်
အသက်အောင့်ကာ အရှင်းတောင်းပန်လိုက်ရပေသည်။
အံ့သြကုန်နိုင်ကြပါပေ့။

မြောက်ဖျားမှာ ဗုံးပဒေသာပင်ပေါက်ကာ
နိုင်ငံသားအချို့ အသက်ပျောက်နေခိုက်
အနောက်ဖျားမှာ နိုင်ငံသားအရေးနှင့်
လူ့အခွင့်အရေးကြား အချင်းများနေခိုက်
လယ်သမားများ ဘိုးဘွားအမွေအဖြစ်
ဓားမဦးချ လုပ်ကိုင်နေသည့် မြေယာများ
လူတစ်စုလက် ပါသွားခိုက်
အလုပ်သမားများ ကတိမတည်အလုပ်ရှင်အချို့ကြောင့်
အလုပ်ကို အသာထား၊ ဆန္ဒများ ပြနေခိုက်
နိုင်ငံသားများ ရေဘေးကြုံ
ကုန်ဈေးမကျ၊ ဖျားနာခ မတတ်နိုင်
အခမဲ့ပိုင်သည့်အရာဟူ၍ နာရေးသာ ရှိ
ဆာသည့်ဝမ်း၊ ပန်းသည့်စိတ်
တစ်ဆိတ်လေးမျှ မနားအား တစ်ဝမ်းတစ်ခါး ခက်နေခိုက်
ခေါင်းပေါင်းနှင့် ပ၀ါများက
နေ့တွက်တစ်သောင်း မှန်မှန်စားလျက်က
ဆက်လက်အငြင်းပွားနိုင်ရေး
ဆွေးနွေးငြင်းခုံပြောမကုန်နိုင်ကြသေး
သည်အရေးမှ အဖြေမထွက်လျှင်
သူ့တစ်သက် ကိုယ့်တစ်သက် ရက်ဆက်စည်းဝေး
နိုင်ငံတော့်ဘတ်ဂျက် ကုန်မှ အေးမတတ်
ပြတ်ပဲ ပြတ်နိုင်ကြပါလော့၊
ရပ်ပဲ ရပ်ကုန်ကြပါတော့။

ပြည်တော်ပြန်များကို ကြိုဆိုကြရာတွင်လည်း
ပန်းစည်းထဲ ပုရွက်နီအုပ် ထည့်လွတ်သလို
အလိုမရှိ နှုတ်ခွန်းဆက်သူက ဆက်
အချင်းချင်းမို့ကို ဆန်ရင်း ဖွတ်၊ ငယ်ကျိုး ဖော်သူက ဖော်
ပြည်တော်ပြန်များက ခံစားရချက်ကို ထုတ်ဖော်ကြရာတွင်လည်း
အခါတစ်ပါးက ပါးကွက်သားများ၏ ကမ်းလက်က
ပိုမြန်ပိုသွက် ပိုနွေးထက်သလောက်
တစ်ခါတုန်းက ငယ်ပေါင်းများနှင့် စာနာအားပေးခဲ့ရသူများ၏
ကမ်းလက်ကား
ပိုနှေးပိုတုံ့ ပိုအေးပိုကျုံ့နေဟူသတတ်။
နိုင်ငံသားများကား မည်သူ့အဖေ ခေါ်ရကောင်းနိုး
မည်သူ့ကို ပန်းကုံးစွပ်ရကောင်းနိုး
အမျိုးမျိုး တွေးတောနေကြချေ၏။
တတ်လည်း တတ်နိုင်ကြပါပေ့။

မည်သို့ပင်ဖြစ်စေ
နိုင်ငံသားများ မျက်စိမလည်ကြပါစေနှင့်။

ပြောင်းဖူးရိုး
အမှတ် ( ၁၇ ) ၆ စက်တင်ဘာ ၂၀၁၂
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template