လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြမှု နေတဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်လူမျိုးပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့အလုပ်သမား ပြေလည်မှု ရရှိသွားပြီ ဖြစ်ပါတယ်။
Famoso အထည်ချုပ်စက်ရုံ အလုပ်သမားနဲ့
အလုပ်ရှင်ကြား ညှိနှိုင်းမှုကို မင်္ဂလာဒုံစက်မှုဇုန် အုပ်ချုပ်ရေးရုံးတွင် ၂၀၁၂
ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်ရာ အလုပ်ရှင်ဘက်မှ
ပြောဆိုဆွေးနွေးနေစဉ်။
အဆိုပါပွဲကို အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းနဲ့ တိုင်းဒေသကြီး လူမှုဝန်ထမ်းနဲ့ အလုပ်သမားရေးဝန်ကြီး ဦးစိုးမင်း၊ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက် စေ့စပ်ဖြန်ဖြေပေးခဲ့သည်။

ကျွမ်းကျင်အဆင့် အလုပ်သမား တစ်ယောက်ရဲ့ အနိမ့်ဆုံး လစာဟာ အရင်က
(၈၆၀၀၀) ကျပ် ဖြစ်ပြီး၊မနေ့ညနေပိုင်းက နှစ်ဘက် ညှိနှိုင်းခဲ့ရာမှာ (၉၁၇၀၀)
ကျပ်နဲ့ ပြေလည်မှု ရရှိသွားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ၈၈
မျိုးဆက်ကျောင်းသား အဖွဲ့ဝင် မသက်သက်အောင်က RFA ကို ပြောပါတယ်။
"အားလုံးက သဘောတူပြီးတော့ ကျမတို့ ညနေ ၅ နာ၇ီလောက်မှာ ၂ ဘက် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပါတယ်။"
ဖာမိုဆိုစက်ရုံမှာ ကျွမ်းကျင် အထည်ချုပ် အလုပ်သမား (၆၀၀) ကျော်ရှိပြီး၊ တောင်းဆိုဆန္ဒပြတဲ့ အလုပ်သမား ဦးရေကတော့ (၄၀၀) ကျော်ရှိပါတယ်။ ဒီစက်ရုံဟာ သက်တမ်း ဆယ်နှစ် (၁၀) ခန့်ရှိပြီး အနောက်တိုင်း ဝတ်စုံတွေကို အဓိကထား ချုပ်လုပ်တင်ပို့နေတာ ဖြစ်ပါတယ်။