မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ပါဝင်မှုရှိနေပြီး နိုင်ငံရေးဆွေးနွေးမည်ဟု အာမခံချက်ရရှိနေချိန်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အောင်ပွဲဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင် ဆောင်ရွက်ရန် ဇွန် ၆ ရက်က ကရင်ပြည်နယ် လော်ခီးလာဒေသ၌ ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ပဉ္စမနေ့တွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်မှု အနည်းဆုံးဖြင့် အတည်ပြုနိုင်ရေး ညှိနှိုင်းရန်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအား ဦးခွန်မြင့်ထွန်းက တိုက်တွန်းပြောကြားသည်။
ဦးခွန်မြင့်ထွန်းက “ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့အခြေအနေမှာ အရင်ကာလက ပြုလုပ်ခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲရေး အခြေအနေတွေနဲ့မတူဘဲ တစ်မူထူးခြားချက်တွေ ရှိနေတာကို ကျွန်တော်တို့အားလုံးအသိ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဒီနေ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေအချင်းချင်းအကြားမှာ စည်းလုံးညီညွတ်ရေး အမြင့်ဆုံးသောရေချိန် ကျွန်တော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ အမြင့်ဆုံးသော စည်းလုံးညီညွတ်မှုရေချိန်ရှိနေတဲ့အချိန်မှာ ဆောင်ရွက်နေရတာ ဒါဟာ အားကောင်းချက်တစ်ရပ် ဖြစ်ပါတယ်။ ထို့နည်းတူပဲ ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကလည်း ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေအပေါ် မှာ စောင့်ကြည့်ပြီးတော့ မျှော်လင့်ပြီးတော့ အားကိုးတကြီးနဲ့ စောင့်စားနေကြချိန်လည်း ဖြစ်သလို ပြည်သူလူထုရဲ့ ပါဝင်မှုအား အကောင်းဆုံးအချိန်မှာလည်း ရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်။ ထိုနည်းတူ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမိသားစုကလည်း စိတ်ဝင်တစားနဲ့ ဒီအပေါ်မှာ အရေးတယူနဲ့ ပါဝင်ဆောင်ရွက်နေတာကလည်း အရေးကြီးတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် အရင်ကာလက အပစ်အခတ်ရပ်စဲရေးတွေဆိုတာ လူထုနဲ့ နိုင်ငံတကာရှေ့မှောက်မှာ ဆောင်ရွက်ခွင့် မရခဲ့ပါဘူး။
ဒီလိုပဲ ပြောရမှာဖြစ်ပါတယ်။ ဒီကနေ့ အပစ်အခတ်ရပ်စဲရေးကတော့ နိုင်ငံတကာမိသားစုအပါအ၀င် ပြည်သူလူထုရဲ့ ရှေ့မှောက်မှာ ဆောင်ရွက်နေကြရတာဖြစ်ပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့အချက်လို့ ကျွန်တော်တို့ မြင်ပါတယ်”ဟု ဆိုသည်။
လက်ရှိအခြေအနေကဲ့သို့ အရေးကြီးသည့် အချိန်ရောက်နေချိန်တွင် စိုးရိမ်မှုမြင့်နေခြင်းသည် သဘာဝဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များအနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းအပေါ်တွင် အကျေအလည် ဆွေးနွေးပြီးနောက် ပြင်ဆင်ဖြည့်စွက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။
ငြိမ်းချမ်းရေးရရှိရေးအတွက် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကောင်းများကို ဆုပ်ကိုင်ပြီး ကောင်းသည်ထက် ကောင်းအောင် ဆောင်ရွက်နိုင်ရန်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ညီညွတ်မှုပင်ဖြစ်ပြီး အခြေအနေကောင်းများကို လက်လွှတ်ဆုံးရှုံးပြီး လက်ရှိအခြေအနေထက် ဆိုးရွားသွားရန်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ညီညွတ်မှုပင်ဖြစ်သည်ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
၎င်းက “ကျွန်တော်တို့ဟာ ကျွန်တော်တို့ အချင်းချင်းအကြားမှာ စုစည်းညီညွတ်မှုက ပထမဆုံးအချက်ဖြစ်ပါတယ်။ အဲဒီ စုစည်းညီညွတ်မှုကိုလည်း ပိုပြီးတော့မှ ဆုပ်ကိုင်သွားနိုင်မယ် ရယူသွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့အကြားမှာ စုစည်းညီညွတ်မှုမရှိရင် ဘယ်သူကမှ အောင်ပွဲခံနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အချင်းချင်းကြားမှာ စုစည်းညီညွတ်မှုတွေ ပြိုကွဲရင်တော့ ကျွန်တော်တို့က အောင်ပွဲခံမှာမဟုတ်ပါဘူး။ ထိုနည်းတူပဲ တစ်တိုင်းတစ်ပြည်လုံးအနေနဲ့ ပြောရမယ်ဆိုရင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို မရယူနိုင်ဘူးဆိုရင် အစိုးရနဲ့ တပ်မတော်လည်း အောင်ပွဲခံမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အောင်ပွဲခံမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ကတော့ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးရဲ့အောင်ပွဲဖြစ်ဖို့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းဟာ ကျွန်တော်တို့အတွင်း စည်းလုံးညီညွတ်မှုရဲ့ပထမဆုံးသော အခြေခံအုတ်မြစ်ဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပထမဆုံးသော ခြေလှမ်း ပထမဆုံးသောအုတ်မြစ် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးရဲ့ ပထမဆုံးသော အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ယခင်ကာလများက နိုင်ငံရေးလမ်းပြမြေပုံဆိုသည်မှာ အစိုးရက တစ်ဖက်သတ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းတွင် ပါရှိသည့် နိုင်ငံရေးလမ်းပြမြေပုံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်သက်သည့် အချက်များ၊ မနှစ်သက်သည့် အချက်များ ရှိနေသော်လည်း နိုင်ငံရေးအနှစ်သာရတစ်ရပ်တော့ရှိသည်ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
Writer:
အောင်ဇော်ထွန်း
Eleven Media Group