
ဘေကျင်းလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (Credit: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘေကျင်းမြို့ကို ရောက်ရှိနေပြီး ဒီကနေ့မှာ တရုတ်သမ္မတ ရှီကျင်ပင် နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါတယ်။
ငါးရက်ကြာမယ့် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့သာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပေမယ့် မြန်မာ သံရုံးက အရာရှိတစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရှီကျင်ပင်နဲ့ ဒီကနေ့မှာ တွေ့ဆုံဖို့ရှိပြီး Diaoyutai ဆိုတဲ့ အစိုးရအိမ်တော်မှာ တည်းခိုတယ်လို့ ပြောပါတယ်။
ဒါကတော့ နိုင်ငံတော် အဆင့်ခေါင်းဆောင်တွေကို လက်ခံတဲ့ နေရာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံဖို့ရှိပေမယ့် ခရီးစဉ် အသေးစိတ်ကိုတော့ တရုတ်အစိုးရဘက်ကရော ဒေါ်အောင်ဆန်းစုကြည် ဘက်ကပါ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
မြန်မာစစ်အစိုးရကို တရုတ်က ထောက်ခံခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်မှုတွေ လုပ်ခဲ့ဖူးတာတွေ ရှိပေမယ့် အခုအခါမှာတော့ တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှု ရယူလိုလို့ အခုလို ဖိတ်ခေါ်တာလို့ သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံသား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ကို ထောင်ကနေ လွတ်ပေးဖို့ တောင်းဆိုနိုင်တယ်လို့လည်း မျှော်လင့်နေကြပါတယ်။
Liu Xiaobo ဟာ ဒီမိုကရေစီအရေး တောင်းဆိုမှုနဲ့ တရုတ်နိုင်ငံမှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွတ်ပေးဖို့ တောင်းဆိုရင် လွတ်ပေးမှာလားလို့ မေးခဲ့တာကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးက Liu Xiaobo ကို တရုတ်နိုင်ငံ တရားရေးစနစ်နဲ့ အရေးယူထားတာဖြစ်တဲ့အတွက် တရားဥပဒေအရ လုပ်ပိုင်ခွင့်တောင် မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။
ABC Radio Australia