ဆန္ဒပြသူ ၈ ထောင်လောက်ဟာ မီးတုတ်ကိုင်ပြီး မြို့လယ်မှာရှိတဲ့ ကုလသမဂ္ဂရုံးတွေကိုဖြတ်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
သမ္မတရဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အလွဲသုံးစားမှုကို ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။
ပြီးခဲ့တဲ့လက ဂွါတီမာလာအစိုးရရဲ့ အဂတိလိုက်စားမှုတွေကို ကုလသမဂ္ဂစုံစမ်းရေးကော်မတီနဲ့ စုံစမ်းဖော်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်တဲ့ အစိုးရထိပ်တန်းခေါင်းဆောင်တွေ ဖမ်းဆီးခံခဲ့ရတာပါ။ ပတ်သက်တဲ့ အစိုးရ၀န်ကြီးတွေလည်း နုတ်ထွက်ခဲ့ကြရပါတယ်။
ဆန္ဒပြသူတဦးက “အမေရိကန်ဒေါ်လာသန်း ၂၀၀ အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်သူတွေကို အဖမ်းဆီးမရှိ လွှတ်ထားတာ၊ နိုင်ငံမှာ ရာဇ၀တ်မှုထူပြောနေတာ၊ လုံခြုံမှုကင်းမဲ့နေတာတွေကို ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။ နိုင်ငံဟာ လဲပြိုပျက်စီးနေတဲ့အတွက် အစိုးရကို ဖြုတ်ချရမှာပါ” လို့ ဆန္ဒပြသူတဦးက ပြောဆိုခဲ့တာပါ။
လက်ရှိသမ္မတ ဟာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ တက်လာတာဖြစ်ပြီး ဇွန် ၃ ရက်နေ့ကတော့ ဒီအဂတိလိုက်စားမှုကို ၀န်ခံပါတယ်။ သူကိုယ်တိုင် ပါဝင်ပတ်သက်မှုမရှိသလို အသေးစိတ်ကို သူမသိရှိဘူးလို့ ငြင်းဆိုပါတယ်။ ပါဝင်ပတ်သက်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးပါမယ်လို့လည်း ကတိပြုပြောဆိုပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံမှာ လူဦးရေ ၈.၅ သန်းရှိပြီး အမေရိကဇုန်နိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာမှာ လူသတ်မှုအများဆုံး ဖြစ်ပွားတဲ့ နိုင်ငံအဖြစ်လည်း နှစ်ပေါင်းများစွာ ရပ်တည်နေတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
DVB