Headlines News :
Home » » ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အကြီးအမှူးပြု၍ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးနောက် တပ်မတော်အရာရှိများ ၀င်ပြိုင်ရေးအတွက် အရပ်ဘက် ကိုယ်စားလှယ်လောင်းတချို့ ရွေးကောက်ပွဲမ၀င်ရန် ဖိအားပေးခံရ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အကြီးအမှူးပြု၍ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးနောက် တပ်မတော်အရာရှိများ ၀င်ပြိုင်ရေးအတွက် အရပ်ဘက် ကိုယ်စားလှယ်လောင်းတချို့ ရွေးကောက်ပွဲမ၀င်ရန် ဖိအားပေးခံရ

Written By လွင့်မောင်မောင် on Tuesday, June 9, 2015 | 8:37 AM

“မင်းတို့ ရွေးကောက်ပွဲ မ၀င်နဲ့တော့။ စစ်ဘက်ကအရာရှိ ဗိုလ်ချုပ်တွေလာမှာ။ မဲဆန္ဒနယ်တွေ ချန်ထားရမယ်ဆိုပြီးပြော ”. . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂

 မေလ ၂၉ ရက်မှ ၃၁ ရက်နေ အထိ နေပြည်တော် ပါတီရုံးချုပ်တွင် ကျင်းပခဲ့သော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း အကြီးအမှူးပြုသော ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးနောက်ပိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက် တင်မြှောက်ခံထားရသည့် အရပ်ဘက်လွှတ်တော် ကိုယ်စားလှယ် တချို့ကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ဘက်ဆိုင်ရာ အရာရှိများ ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ၎င်းတို့အား ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် ဖွဲ့စည်းထားသည့် ပါတီအောင်နိုင် ရေးတာဝန်ရှိ ပုဂ္ဂိုလ်များက ဖိအားပေးလျက် ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီမှ အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ် တချို့က ဇွန်လ ၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

  နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် မေလ ၂၉ ရက်မှ ၃၁ ရက်ထိ ကျင်းပခဲ့သည့် ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင်လည်း ယင်းလွှတ်တော် ကိုယ်စားလှယ်တချို့ကို
ပါတီ ကိုယ်စားလှယ်လောင်း အဖြစ်မှ နုတ်ထွက်ရန်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက အဆိုပါ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု အသေးစိတ် ညွှန်ကြားမှုများ ရှိခဲ့သည်ဟု ၎င်းတို့က ပြောသည်။

““ကျွန်တော်တို့ကို မင်းတို့ရွေးကောက်ပွဲ မ၀င်နဲ့တော့။ စစ်ဘက်က အရာရှိ ဗိုလ်ချုပ်တွေလာမှာ။ မဲဆန္ဒနယ်တွေ ချန်ထားရမယ်ဆိုပြီး ပြောတာ”” ဟု ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲမ၀င်ရန် တားမြစ်ခံရသည့် လွှတ်တော် ကိုယ်စားလှယ် အများစုသည် နာမည်ပျက် ရှိသူများနှင့် အရပ်ဘက်မှ တက်လာပြီး ငွေကြေးအင်အား မပြည့်စုံသူများကို ဖယ်ရှားခြင်း ဖြစ်သည်ဟု ပါတီကော်မတီ အစည်းအဝေး တက်ရောက်ခဲ့သူ ကော်မတီဝင် တချို့က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ်မှ ဖယ်ရှားခံရသူ အများစုသည် အရပ်ဘက်မှ ၀င်ရောက် ယှဉ်ပြိုင်သူများ ဖြစ်သည်နှင့် စပ်လျဉ်း၍ ““ဘယ်သူမဆို ကိုယ်ကလျာထားတယ်။ စည်းရုံးရေးလည်း ဆင်းထားတယ်ဆိုရင် အကုန်အကျ ခံထားတယ် ဆိုတော့ ကိုယ့်နေရာကိုယ် လိုချင်တာပေါ့။ ဒါပေမဲ့ ဦးတို့က ဘယ်လို ခံယူထားလဲဆိုတော့ နံပါတ် ၁ က ကိုယ့်ကိုယ်ပိုင် အခွင့်အရေး၊ နံပါတ် ၂ က ပါတီအခွင့်အရေး၊ နံပါတ် ၃ က နိုင်ငံတော်အတွက် အခွင့်အရေး ဆိုတော့ လူကြီးတွေက သင့်တော်တဲ့ နေရာဆိုရင် လိုက်နာ ရမှာပေါ့။ အရပ်ဘက်က အများဆုံး ဖယ်ခံရတာကို သေချာတော့ မသိဘူး။ ကိုယ်က အရပ်ဘက်ကပဲ လျာထား တာလေ။ အခုတပ်က ၀င်လာတာဆိုတော့ ဖယ်ရှားခံရတာ အရပ်ဘက်က မှန်ပါတယ်””ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးစောထားလုံက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““အစည်းအဝေးမှာ ကိုယ်စားလှယ် အနားပေးတဲ့ကိစ္စကို ကျွန်တော်တို့လည်း ကြားရတာပဲ။ အဖြေအတိအကျ မထွက်သေးပါဘူး။ ဒါတွေက ဆုံးဖြတ်ချက် မချရသေးပါ ဘူး””ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။

တပ်မတော် ဗိုလ်ချုပ်ကြီးများနှင့် တိုင်းမှူးများအဆင့်အထိ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ကာ ရွေးကောက်ပွဲ ၀င်ရမည့်ကိစ္စနှင့် စပ်လျဉ်း၍ ၄င်းတို့ကို အထက်မှတစ်ဦးချင်း ခေါ်ယူပြောဆိုကြောင်း၊ တစ်ဦးချင်း ပြောဆိုသည့် စကားများကို အချိန်မတန်မီ ပြန်လည် မပေါက်ကြားစေရန် အစီအမံဖြစ်ကြောင်း တာဝန်မှ လတ်တလော အငြိမ်းစား ယူလိုက်သည့် ဗိုလ်ချုပ်တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် ၆ လသာ လိုတော့သည့် အချိန်တွင် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က မေလ ၁၅ ရက်၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲဝင် မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ စ၍ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိ ၁၈ ဦး ရှိသည့်အနက် ထိပ်ပိုင်း ၅ ဦးချန်၍ ကျန် ၁၃ ဦးကို ပြည်ခိုင်ဖြိုး ပါတီ ကော်မတီသို့ ပို့ဆောင် အားဖြည့် ကာ ရွေးကောက်ပွဲ ၀င်ရောက်မည် ဖြစ်ကြောင်း သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြား ခဲ့မှုများ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်တချို့ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ရန် ဖိအားပေး ခံရခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကိုယ်စားလှယ်များ ဖိအားပေးခံရခြင်းနှင့် စပ်လျဉ်း၍

““အဲဒီရွေးကောက်ပွဲ မပြိုင်ခိုင်းတော့တဲ့ကိစ္စက အတည်မဖြစ်သေးပါဘူး။ နာမည်ပျက်ရှိသူ ဘာရယ်တော့ မဟုတ်သေးပါဘူး။ သူတို့နေရာမှာ နားရမယ်၊ ရွေးကောက်ပွဲ ၀င်ခိုင်းမယ်တို့ ဘာမှမပြောရသေးဘူး။ ဘာမှတော့ ပြောလို့မရသေးဘူး။ တရားဝင်လည်း မထုတ်ပြန်သေးဘူး။ နာမည်စာရင်း ထုတ်ပြန်တယ် ဆိုတာလည်း ကော်မရှင်ကနေ နာမည်စာရင်းသွင်းပြီး အတည်ပြု ထုတ်ပြန်တာဖြစ်လို့ ဘာမှမသိရသေးပါဘူး။ ဗဟိုကော်မတီ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ် နဲ့ အောင်နိုင်ရေးအတွက် လုပ်တာပဲရှိတယ်””ဟု ပြည်ခိုင်ဖြိုး ပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်၏ ကိုယ်ရေးအရာရှိ ဦးညီညီလွင်က မြန်မာသံတော်ဆင့်သို့ပြောသည်။

  ပြည်ခိုင်ဖြိုးပါတီသို့ တပ်မတော် ဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူများ ၀င်ရောက် ယှဉ်ပြိုင်ခြင်း အပေါ် ““အဲဒီကိစ္စက လူကြီးတွေ စီစဉ်နေကြတာ။ ဒီလူတွေဖယ်ပြီး သတ်မှတ်ချက်နဲ့ ဒီလူနဲ့ပြိုင်မယ်ဆိုပြီး အဲဒီလိုမရှိသေး ဘူး။ ရှင်းရှင်းပြောရင် လူတစ်ယောက်အတွက် မဟုတ်ဘူး။ ပါတီက ပါတီအတွက် ပါတီ အောင်နိုင်ရေးပဲ စဉ်းစားတာလေ။ ပါတီတစ်ခုလုံးနဲ့ ပြောဆိုဆုံးဖြတ်တာများတယ်”” ဟု ဦးညီညီလွင် က ပြောသည်။

ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟို ကော်မတီဝင်များ လူဦးရေ သတ်မှတ်ခြင်းကို လာမည့် ပါတီညီလာခံတွင် အတည်ပြုမည်ဖြစ်ကြောင်း စာရေးဆရာလည်း ဖြစ်သည့် ဗဟိုကော်မတီဝင် ဦးစောထားလုံ(ဂျင့်) ကဆိုသည်။

  ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် ၄၀ ဦး၊ ဗဟိုကော်မတီဝင် ၁၆၉ ဦး၊ အရန်ဗဟိုကော်မတီဝင် ၇၃ ဦး စုစုပေါင်း ၂၈၂ ဦး တက်ရောက်ခဲ့သည်။

  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို မေလ ၂၉ ရက် သောကြာနေ့မှ မေလ ၃၁ ရက် တနင်္ဂနွေနေ့အထိ ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး ဦးတည်ချက် ၁ ရပ်၊ ရည်ရွယ်ချက် ၃ ရပ်နှင့် ရည်မှန်းချက် ၉ ရပ်တို့ ချမှတ်ခဲ့ရာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံသား များ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ပါတီ၏ ဦးဆောင်မှုဖြင့် ဖော်ဆောင်ရေး၊ ပါတီအောင်နိုင်ရေးအတွက် ခေါင်းဆောင် များ သတ်မှတ်ရေး စသည်ဖြင့် အသေးစိတ် ချမှတ် ဆွေးနွေးခဲ့ကြသည်။ ပါတီဆုံးဖြတ်ချက်များအနက်မှ လက်ရှိ ပါတီအောင်နိုင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကပင် ပါတီအောင်နိုင်ရေးအတွက် အစီအမံနှင့် လုပ်ငန်းစဉ်များကို ကြီးမှူးဆောင်ရွက်ရန်တို့ ပါရှိသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အကြီးအကဲများမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကာချုပ်)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း (ဒုချုပ်)၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း (ညှိနှိုင်းကွပ်ကဲရေးမှူး)၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ(ရေ)၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(လေ)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ ဖြစ်ကြပြီး ၎င်းပုဂ္ဂိုလ်များသည် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ဗဟိုနာယကအဖွဲ့ဝင်များအဖြစ် ပါဝင် ထမ်းဆောင်ခဲ့သူများ ဖြစ်ကြသည်။

ဝတ်ရည်နွေးနွေး

(1) ဥက္ကဋ္ဌ သူရဦးရွှေမန်း

(2) စစ်အစိုးရလက်ထက် တိုင်းမှူး၊ ဗိုလ်ချုပ် တာဝန်ယူခဲ့သော (ဧရာဝတီတိုင်းတာဝန်ခံ) ပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် ဗဟိုအတွင်းရေးမှူး ဦးသိန်းဆွေ(ဗိုလ်ချုပ်-ငြိမ်း)တို့ ပါဝင်သော ဗဟိုကော်မတီအစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ။

(3) ဧရာဝတီတိုင်းမှ ပါတီဗဟိုကော်မတီဝင် ဒေါ်စိုးစိုးရီနှင့် ကော်မတီဝင် များကိုတွေ့ရစဉ်။

(4) ပါတီဗဟိုကော်မတီဝင် အစည်းအဝေး တက်ရောက်လာသော ဦးနန္ဒကျော်စွာနှင့် ဗဟိုကော်မတီဝင်များ။

  မြန်မာသံတော်ဆင့်သတင်းဌာန –
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

2305452

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template