မြန်မာယူ ၂၃ အသင်းအနေနဲ့ စနေနေ့ ဆီမီးဖိုင်နယ် ဗီယက်နမ်နဲ့ကစားမယ့်ပွဲမှာ နိုင်ဖို့ ၆၀ ရာခိုင်နှုန်းရှိပြီး မြန်မာအသင်း ဖိုင်နယ်တက်မယ်လို့ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်က ပြောပါတယ်။
မြန်မာအသင်း ကစားခဲ့တဲ့ပွဲတိုင်းလို ညပိုင်းကစားခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲကိုတော့ ဒေသစံတော်ချိန် ၂ နာရီမှာ လုပ်မှာဖြစ်လို့ အချိန်ပြောင်းပေးဖို့ မြန်မာနဲ့ ဗီယက်နမ် နှစ်သင်းစလုံးက ပြောပေမယ့် ပွဲချိန်ရွှေ့ဖို့ကိစ္စ မအောင်မြင်ခဲ့ဘူးလို့လည်း ပြောပါတယ်။
မနက်ဖြန် စနေနေ့မွန်းလွဲပိုင်း ကစားမယ့်ပွဲကို အလုံပိတ်အားကစားကွင်းထဲ အဲယားကွန်း လွှတ်ထားပေးပြီး ကစားစေမှာဖြစ်တယ်လို့ စင်ကာပူ ပြိုင်ပွဲကျင်းပရေးအဖွဲ့က ပြောတယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာ ယူ ၂၃ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဆီမီးဖိုင်နယ်ပွဲကန်မယ့် မြန်မာဘောလုံးသမား အပြောင်းအလဲ ကြီးကြီးမားမား ရှိမလား။
“ကွင်းလယ်ခံစစ်ကစားတဲ့ ရဲဝင်းအောင် ကစားလို့ မရဘူး။ ၂ ၀ါထိထားတော့ အခုပွဲကစားလို့ မရတော့ဘူး။ သူ့နေရာမှာ သိန်းနိုင်ဦး ဒါမှမဟုတ် ကိုကိုဟိန်း တယောက်ယောက် ၀င်ကစားလိမ့်မယ်။ ကျန်တာကတော့ ပထမဦးစားပေး ကစားသမားတွေပဲ သုံးမှာပါ။ အပြောင်းအလဲ မရှိပါဘူး။ ပထမဦးစားပေး ကစားသမားဆိုတာ ပထမဆုံး အင်ဒိုနီးရှားနဲ့ ကန်တဲ့ပွဲတုန်းက ကစားသမားတွေ ပြောတာပါ။”
ပြိုင်ဘက် ဗီယက်နမ်နဲ့ပတ်သက်လို့ ကိုသန်းတိုးအောင်တို့ ဘာတွေသိထားလဲ။
“ဗီယက်နမ်က ထိုင်းနဲ့ တပွဲပဲ သူတို့ ရှုံးထားတာ။ မလေးရှားကို ၅-၁ နဲ့ နိုင်တဲ့ပွဲကို ကျနော် ပြန်ကြည့်ထားတယ်။ ကျနော်တို့နဲ့လည်း ကစားဖူးတယ်။ ဗီယက်နမ်အသင်းက သူလည်း စိတ်ဓာတ်ကောင်းတယ်။ ကြိုးစားတယ်။ အသင်းမှာ အဓိက သတိထားရမှာက နံပါတ် ၁၀၊ ၁၇ တို့ ၁၁ တို့ပေါ့။ အထူးသဖြင့်တော့ ၁၀ ပေါ့။ သူ့ကို ကျနော်တို့က ဂိုးမသွင်းနိုင်အောင် ထိန်းထားနိုင်ရင် အလားအလာကောင်းတယ်။”
နှစ်သင်း ကစားပေါက်ချင်း တူတယ်ပြောတယ်။
“ကစားပေါက်ချင်းတူတယ်ဆိုတာက သူတို့က ပေးတာ ဖမ်းတာပြုတာ နေရာယူတာတွေ ဘောလုံးအခြေခံ မဆိုးပါဘူး။ သို့သော် ကျနော်တို့က သူတို့ထက် သာတဲ့အချက်က ကျနော်တို့က နည်းနည်းပိုမြန်တယ်။ ၀မ်းတူးရိုက်တာတွေ ဘာတွေကျတော့ ကျနော့်ကလေးတွေက နည်းနည်းလေး ပိုသာတယ်။ သူတို့က တခုရှိတာက ရှေ့ကို ကန်တင်မယ်။ ရှေ့ကို ချပေးမယ်။ ၀မ်း တူး သရီးပေါ့။ ၂ ယောက် ၃ ယောက်လောက်နဲ့ဖောက်တာကို သတိထားရမယ်။ နောက်တခု ကျနော်တို့က ဘာထိန်းရမလဲဆိုတော့ သူတို့ကလည်း ကြမ်းကြမ်းကစားမယ်။ ကျနော်တို့ကလည်း ကြမ်းကြမ်းကစားမယ်၊ ဒီလိုကစားတဲ့အခါ ဒေါသမဖြစ်ဖို့၊ ထိန်းဖို့ ကလေးတွေကို ပြောရမှာပေါ့။”
မြန်မာကစားသမားတွေ ကစားတဲ့အခါ တခါတလေမှာ အာရုံစိုက်မှုလျော့သွားပြီး လူပေးမှားတာတွေ တွေ့တွေ့နေရတယ်။ အဲ့ဒါလေးတွေရော။
“နှစ်ဘက်စလုံးက ဖြစ်နိုင်တာတွေပါ။ ကျနော်တို့ဘက်ကသော်လည်းကောင်း၊ သူတို့ဘက်က သော်လည်းကောင်း မှားတဲ့အမှားပေါ်မှာ အသုံးချနိုင်တဲ့ ကစားသမားက အနိုင်ရသွားမှာပဲ။ တဘက်အသင်းရဲ့အမှားကို အပိုင်အနိုင် အသုံးချနိုင်တဲ့အသင်းက သာသွားမှာပဲ။”
ကစားမယ့်အချိန်က နေ့ခင်းပိုင်းဖြစ်နေတယ်။ ကစားသမားတွေ ကစားလို့ အဆင်ပြေပါ့မလား။
“သူတို့က အရင် ပွဲစဉ်ဆွဲကတည်းကိုက ပထမဆီမီးဖိုင်နယ်ပွဲကို ၂ နာရီ ကစားမယ်။ ဒုတိယ ဆီမီးဖိုင်နယ်ပွဲကို ၈ နာရီခွဲ ကစားမယ်လို့ ကြေညာထားပြီးသားဖြစ်တယ်။ ဒီနေ့ မန်နေဂျာ စည်းဝေးပွဲမှာ ကျနော်တို့ ပြောသေးတယ်။ ဗီယက်နမ်လည်း ပြောတာပဲ။ ဒါပေမယ့် သူတို့က အချိန်ကို လုံးဝ ရွှေ့မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ လက်မှတ်လည်း ရောင်းပြီးပြီ။ လုံခြုံရေးအရလည်း ရွှေ့မပေးနိုင်ဘူးတဲ့။ ကစားကွင်းကြီးက အလုံပိတ်ထားမယ်ပြောတယ်။ အဲယားကွန်း လွှတ်ထားမယ်လို့လည်း ပြောတယ်။ အမိုးပိတ်၊ အဲဒါကြောင့် ရာသီဥတုဒဏ်က ပြဿနာ မရှိဘူး။”
ကစားသမားတွေ စိတ်ဓာတ်ပိုင်းအခြေအနေ ဘယ်လိုရှိလဲ။
“ကလေးတွေ စိတ်ဓာတ်ပိုင်းကတော့ ပိုကောင်းလာတာပေါ့ဗျာ။ ရှုံးပွဲမရှိဘဲ အုပ်စုထဲက တက်လာတဲ့အခါကျတော့ နိုင်တဲ့အရသာကို သူတို့ သိလာကြပြီပေါ့ဗျာ။ နိုင်လာတာနဲ့အမျှ ကျနော်တို့ ကလေးတွေကို ထိန်းသိမ်းရတာ ပိုလွယ်လာတယ်။ စည်းကမ်းလည်း သူ့အလိုလို သိလာတယ်။”
စင်ကာပူနဲ့ပွဲတုန်းက စင်ကာပူကို မကြောက်ဘူး အနိုင်ကစားမယ်လို့ ကိုသန်းတိုးအောင် ပြောခဲ့တယ်။ နောက် ဖိလစ်ပိုင်နဲ့ ပွဲကျတော့လည်း သေချာပေါက်နိုင်မယ်လို့ ပြောခဲ့တယ်။ အခုရော အဲ့ဒီလောက် သေချာပေါက် ပြောနိုင်မလား။
“ဆီမီးဖိုင်နယ်ပွဲက ကျနော်တို့ နိုင်ဖို့များတယ်။ ရာခိုင်နှုန်းနဲ့ပြောရင် ကျနော်တို့က ၆၀ ရှိတယ်။ သူတို့က ၄၀ လောက်ပဲရှိတယ်။ ကျနော်ထင်တယ်၊ ကလေးတွေ ကြိုးစားမယ်၊ စိတ်ဓာတ် ကောင်းမယ်၊ ကောင်းပြီးသားပါ၊ နိုင်မယ်လို့ ယူဆတယ်။ ကျနော်တို့အသင်း ဖိုင်နယ် တက်လိမ့်မယ်။”
DVB