တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပေဂျင်းမြို့ ပြည်သူ့ခန်းမကြီးမှာ တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ဖို့ တိုက်တွန်းပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးလာရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံပွဲမှာ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်က တိုက်တွန်းတာကို တရုတ်အစိုးရပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။
မစ္စတာ ရှီကျင့်ဖိန်က “မြန်မာနိုင်ငံဘက်က ပြည်တွင်းနိုင်ငံရေးပြောင်းလဲမှု အခြေအနေတွေ ဘယ်လိုပဲ ရှိနေပါစေ၊ လက်ရှိ ရှိနေတဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ ကျနော်တို့ ယုံကြည်မျှော်လင့်ပါတယ်။” လို့ ပြောပါတယ်။
သူက မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်ရေးနဲ့ သီးခြားအုပ်ချုပ်ခွင့်ရနယ်မြေ ပေါင်းစည်းမှုတွေအတွက်လည်း တရုတ်နိုင်ငံအနေနဲ့ ထောက်ပံ့ကူညီပေးသွားမယ်လို့ ပြောပါတယ်။
သူက “တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် အစီအစဉ်တွေ၊ နှစ်ရှည်မျှော်မှန်းချက်တွေနဲ့ အမြဲတမ်းကောင်းမွန်စေဖို့ ကြိုးစားနေပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံရဲ့ရွေးချယ်မှုကိုလည်း လေးစားမိပါတယ်။” လို့ ဖြည့်စွက် ပြောဆိုပါတယ်။
ဒီခရီးစဉ်ကနေ တရုတ်နိုင်ငံနဲ့ တရုတ်ကွန်မြူနစ်ပါတီအပေါ် ပိုမို နက်ရှိုင်းစွာ နားလည်မယ်လို့ မျှော်လင့်ကြောင်း၊ ဒါမှသာ နှစ်ဘက် အပြန်အလှန် နားလည်ယုံကြည်မှု တိုးမြှင့်ရာမှာ အထောက်အကူ ပြုပြီး နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ပိုမိုကောင်းမွန်တဲ့ အခြေခံ တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးချင်း နှစ်နိုင်ငံချစ်ကြည်တဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အလွန်အရေးကြီးကြောင်းနဲ့ အဖွဲ့ချုပ်အနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အလွန် အလေးထားကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံက ကြီးမားလှတဲ့အောင်မြင်မှု ရရှိခဲ့သည့်အပေါ် လေးစားမိကြောင်းနဲ့ ဒီခရီးစဉ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီအကြား ဆက်ဆံရေး ပိုမို နက်ရှိုင်းလာစေပြီး နှစ်နိုင်ငံ ပြည်သူလူထုကြား ချစ်ကြည်ဆက်ဆံရေး တိုးမြှင့်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်းဆန်းစုကြည်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်တို့ရဲ့ တွေ့ဆုံပွဲကို တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ၊ တရုတ်ပြည်သူ့ကွန်ဂယက် ကြိုးကိုင်ကော်မတီ ဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပဆက်သွယ်ရေးဝန်ကြီး ၀မ်ကျားရွေ့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးဖက်ဒရေးရှင်းရဲ့ ဥက္ကဋ္ဌတို့ အပါအ၀င် အဆင့်မြင့် တရုတ်ကိုယ်စားလှယ်တွေလည်း တက်ရောက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်မှာ ၁၅ နှစ်ခန့်နေခဲ့ရပြီးနောက် ပြည်ပနိုင်ငံတွေကို သွားရောက်လည်ပတ်ရာမှာ အာရှ၊ ဥရောပက နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံကို အခုမှ ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာပါ။
တပ်မတော်အစိုးရလက်ထက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ထင်ပေါ်တဲ့ ဆက်ဆံမှုတွေ မရှိခဲ့ပေမယ့် ၂၀၁၀ နောက်ပိုင်းမှာ ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို တရုတ်နိုင်ငံက ချစ်ကြည်ရေး ဖိတ်ကြားခဲ့ပါတယ်။ မြန်မာပြည်မှာ လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးထည့်ဝင်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှ စတင်ပြီး ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပါတယ်။
မြန်မာအစိုးရပိုင်မီဒီယာမှာတော့ တရုတ်ကွန်မြူနစ်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီချင်း ဖိတ်ကြားတဲ့သတင်းကို ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြုပုံစံနဲ့ သွားရောက်တဲ့ ခရီးစဉ်အဖြစ် ဖော်ပြပါတယ်။ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို ဇွန်လ ၁၀ ရက်နေ့မှာ ထွက်ခွာသွားကြောင်းနဲ့ ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတအပါအ၀င် တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ပေဂျင်းမြို့၊ စီးပွားရေးမြိုတော် ရှန်ဟိုင်းနဲ့၊ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်မြို့တော် ကွေးမင်မြို့တွေကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
DVB